နှလုံးသားလေးအကြိုက် လှုပ်ရှားလိုက်ကြစို့
ကျန်းမာချင်တဲ့ သူတိုင်းဟာ ကိုယ့်နှလုံးသားလေးရဲ့ အကြိုက်ကို သိဖို့ လိုပါတယ်။ အပျင်းကြီးပြီး တချိန်လုံး ထိုင်နေ၊ လှဲအိပ်နေတာမျိုးကို နှလုံးသားလေးက မကြိုက်ပါဘူး။
နှလုံးဆိုတာက ကြွက်သားတွေနဲ့ တည်ဆောက်ထားတာပါ။ ကြွက်သားတွေ သန်မာပါမှ နှလုံးက ညှစ်အားကောင်းပြီး အဆုတ်ကနေ ရယူထားတဲ့ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ပေးနိုင်မှာပါ။
လှုပ်ရှားမှုနည်းတဲ့အခါ နှလုံးမှာ ဘာတွေ ဖြစ်လာမလဲ?
အထိုင်အထ လှုပ်ရှားမှုနည်းတဲ့အခါ ခန္ဓာကိုယ်မှာ အဆီတွေစုလာသလို နှလုံးနဲ့သွေးကြောတွေ အတွင်းမှာလည်း အဆီတွေစုပုံလာတတ်ပြီး အဆီတွေက နှလုံးမှာ ပိတ်ဆို့တဲ့အခါ နှလုံးအမောဖောက်တာ ဖြစ်နိုင်သလို ဦးနှောက်သွေးကြောတွေမှာ ပိတ်ဆို့ရင် လေဖြတ်နိုင်ပါတယ်။
ဘာ့ကြောင့် လှုပ်ရှားသင့်တာလဲ?
လှုပ်လှုပ်ရှားရှားနေတာက နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်းကို ၃၅% အထိ လျှော့ချပေးနိုင်ပါတယ်။ နေ့စဥ် ကိုယ်လက်လှုပ်ရှားရင်…
- သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတာ
- သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောအဆီတွေ လျော့နည်းစေပြီး ကောင်းတဲ့ ကိုလက်စထရောအဆီတွေ များစေတာ
- သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား ၂ ဆီးချို မဖြစ်အောင် ကာကွယ်ပေးသလို ဆီးချိုရှိနေရင်လည်း သွေးထဲကသကြားဓာတ်ကို ပုံမှန် ဖြစ်စေတာ စတဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေအပြင်
- ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေတာ
- ပေါ့ပါးသွက်လတ်ပြီး စိတ်ခံစားမှု ကောင်းစေတာ
- မှတ်ဥာဏ်ကောင်းစေပြီး သူငယ်ပြန်ရောဂါမဖြစ်အောင် ကာကွယ်ပေးတာ
- အရိုးပါးအရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးတာ
- ကောင်းစွာ အိပ်ပျော်စေတာ စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရစေပါတယ်။
ဘယ်လို လှုပ်ရှားရမလဲ?
တချိန်လုံး ထိုင်နေ၊ အိပ်နေတာ မလုပ်ဖို့ပဲ လိုပါတယ်။ လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်တောင် လမ်းလျှောက်တာ၊ လှေကားတက်တာ၊ သီချင်းဖွင့်ပြီး ကတာမျိုးကို နေ့စဥ်လုပ်ပါ။ TV ကြည့်နေရင်း ကြော်ငြာလာချိန်မှာ လမ်းပတ်လျှောက်နေတာမျိုးလည်း ရပါတယ်။
စက်ဘီးစီးတာ၊ ရေကူးတာ၊ ကြက်တောင်ရိုက်တာ၊ ပြေးတာလို အားကစားတွေ လုပ်နိုင်ရင်လည်း ကောင်းပါတယ်။ အေရိုးဗစ်ဆော့တာ၊ ယောဂကျင့်တာ၊ အလေးမတာတွေလည်း လုပ်လို့ ရသလို ဝါသနာပါလို့ တောင်တက်နိုင်ရင်လည်း ကောင်းတာပါပဲ။ ရက်သတ္တပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် လုပ်ဖို့တော့ လိုပါတယ်။
တဖက်က လှုပ်လှုပ်ရှားရှား နေသလို တဖက်ကလည်း ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ရင် နှလုံးရောဂါဆိုတာ ဂျိုနဲ့လားလို့ မေးရမှာ ဖြစ်ပြီး အပိုဆုအနေနဲ့ စိတ်ပျိုပြီး ကိုယ်နုဦးမှာ အသေအချာပါပဲ။ ဒါကြောင့် အခုကစပြီး နှလုံးလေးအကြိုက် လှုပ်ရှားလိုက်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်